ကင်းကောင်ရဲ့မီးခိုးပြာတွေကို မျက်ရည်စတွေနဲ့မျှော်ငေးနေခဲ့တဲ့ ဇနီးဖြစ်သူ

ကင်းကောင်ရဲ့မီးခိုးပြာတွေကို မျက်ရည်စတွေနဲ့မျှော်ငေးနေခဲ့တဲ့ ဇနီးဖြစ်သူ

တွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာဆိုပေမယ့် တကယ်တမ်းကိုယ်အရမ်းချစ်တဲ့သူတွေ ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားတဲ့အခါ ကျန်ခဲ့တဲ့သူတွေမှာ ရူးမတတ်နာကျင်ကြေကွဲရတာပါပဲ။ ဦးကင်းကောင်ရဲ့ဆုံးပါးသွားမှုဟာလည်း အနုပညာလောကကြီးတစ်ခုလုံးကိုရိုက်ခတ်သွားခဲ့သလို တစ်နိုင်ငံလုံးက ပရိသတ်တွေဟာလည်း ဦးကင်းအတွက် ဝမ်းနည်းပူဆွေးခဲ့ကြရပါတယ်။ဦးကင်းကောင်ဟာ ပုပ္ပားမှာဇာတ်လမ်းတွဲတစ်ခုရိုက်ကူးနေစဉ်အချိန်မှာပဲ မမျှော်လင့်ပဲချွဲကျပ်ပြီး ကွယ်လွန်သွားခဲ့တာပါ။

ဦးကင်းဆုံးပါးသွားတဲ့ သတင်းကြားတဲ့အနုပညာလောကသားတွေဟာ သူတို့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုလူမှုကွန်ယက်ပေါ်မှာ ဝမ်းနည်းစွာရင်ဖွင့်လာခဲ့ကြပါတယ်။ ဦးဖိုးဖြူက “အချစ်ဆုံးရဲဘော်ရဲဘက်ကြီးသွားနှင့်တော့ကွာကောင်းရာဘုံဘဝမှာပြန်ဆုံကြတာပေါ့။၂၂/ ၁ /၂၀၁၉ နံနက် ၇ နာရီ”လို့ ယူကြုံးမရဝမ်းနည်းကြေကွဲစွာရေးသားထားခဲ့ပြီး သရုပ်ဆောင်မအေးသောင်းကလည်း “ကြွေပြန်ပြီပေါ့ ကြယ်ကလေးတစ်ပွင့် Rest In Peace ဦးကင်းကောင်”လို့ ဝမ်းနည်းစွာရေးသားလာခဲ့ပါတယ်။

ဒါ့အပြင် လူမင်းကလည်း ဦးကင်းကောင်က လူမင်းကို မင်းသားဖြစ်မှာသေချာတယ်လို့အားပေးဖူးကြောင်းလည်း “သီးခြားအမှတ်တရကတော့ ဟိုးတစ်ချိန်ကပေါ့ ကျွန်တော် ခေါင်းဆောင်မင်းသားတောင် ကောင်းကောင်းမဖြစ်သေးပါဘူး။ အဲ့အချိန်တုန်းက စစ်သွေးသစ္စာဆိုတဲ့ TV ဇာတ်လမ်း တပ်မတော်နေ့ နှစ်ပတ်လည် ဇာတ်ကား ရိုက်ကြတော့ ညကြီးမိုးချုပ် ဗိုက်တေကလည်းဆာ ညကြီး သန်းခေါင်ကြီး အထိ ရိုက်ကြတော့ အကုန်လုံး ပေပေပွပွတွေနဲ့ စကားတွေ ပြောဖြစ်ကြတာလေးတွေ သူနဲ့ ဆုံတိုင်း သူအမြဲတမ်း ပြန်ပြောပြတယ်။အဲ့အချိန်တုန်းက ကျွန်တော်လည်း ခေါင်းဆောင်မင်းသား မဖြစ်ခင်ပေါ့နော် အဲ့ကတည်းကသူက အားပေးခဲ့တာ ကိုလူမင်းကြိုးစား ကိုလူမင်းပုံစံနဲ့ တစ်နေ့ ခေါင်းဆောင်မင်းသားဖြစ်ပြီးတော့ သေချာပေါက် အောင်မြင်မှာ ဘယ်သူဘယ်သူဆိုပြီး သူတိတိကျကျလေး အားပေးခဲ့ဖူးတယ်။ အဲ့တာလေးကိုနှစ်ပေါင်းများစွာ ကြာတဲ့ အချိန်မှာ သူနဲ့ ပြန်တွေ့တိုင်း လူမင်းနော် ငါတို့ စစ်သွေးသစ္စာကားတုန်းက ပြောခဲ့တာ မှတ်မိလား အဲ့စကားက အဲ့အတိုင်း မင်းဖြစ်ပြီ ဘာညာဆိုပြီးတော့ပေါ့ ကျွန်တော့်ကို ပြောခဲ့ဖူးတယ် အဲ့တာကတော့ တကယ့်ကို မှတ်မှတ်ရရပါပဲ။ တကယ်ပဲ ကိုကင်းအတွက် ဆုတောင်းပါတယ် ကောင်းရာသုဂတိလားဖို့ သူများကို ပျော်ရွှင်အောင် ရယ်မောနိုင်အောင် ဖြည့်ဆည်းတဲ့ ဟာသသရုပ်ဆောင်ကြီးတစ်ယောက်က သူ့ရဲ့ ကောင်းရာသုဂတိမှာလည်း ပျော်ရွှင်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်”လို့ ကြေကွဲစွာပြန်ပြောင်းပြောပြလာခဲ့ပါတယ်။

ဦးကင်းကောင်ရဲ့ဇနီးက ဦးကင်း ဆုံးပါးသွားရပုံအကြောင်းကို “မထိုင်ဘူးလေ။ အိပ်ရင်းကနေ ကောက်ထပြီး ဒီလို ပြန်လှန်လိုက်တာ ချွဲတွေက ဂွီဂွီနဲ့ တက်လာတာ။ အမက ဟယ် ချွဲတွေအများကြီး ဖြစ်နေတယ်ဆိုတော့ အမကို သူ လှမ်းကြည့်တယ်။ အဲ့အချိန်မှာ ဖိုးသားကလည်း အဲ့အသံကို ကြားတော့ ဝုန်းခနဲဆို ထလာပြီး ကြည့်လိုက်တဲ့အချိန်မှာ သူ အမတို့ကို ကြည့်နေတာ။ ဖိုးသားက ဖေဖေ..ဖေဖေဆိုတော့ အဲ့အချိန်မှာ အသက်ရှူလမ်းကြောင်း ပိတ်နေပြီ။ ရောဂါကြောင့်လည်း ဖြစ်တာမဟုတ်ဘူး။ ချွဲကြောင့် အသက်ရှူလမ်းကြောင်း ပိတ်သွားတာ။”လို့ ယူကြုံးမရဖြစ်စွာ ပူဆွေးကြေကွဲစွာ ပြောပြခဲ့ကြောင်းသိရပါတယ်။

ဒီနေ့ (24.1.2019)မှာတော့ ဦးကင်းရဲ့ရုပ်အလောင်းကို ရေဝေးသုသာန်မှာ ဦးကျော်သူဦးဆောင်တဲ့အနုပညာလောကသားတွေနဲ့ ကြေကွဲပူဆွေးနေကြတဲ့ ပရိသတ်ထုကြီးကလိုက်လံပို့ဆောင်ပေးပြီး ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြပါတယ်။ ဦးကင်းရဲ့ဈာပနကို အနုပညာလောကသားတွေတော်တော်များများရောက်ရှိလာကြပြီး လွင်မိုး၊အရိုင်း၊ငှက်ပျောကြော်၊ဖိုးဖြူ၊ဇာဂနာနဲ့ အခြားအနုပညာရှင်တွေတော်တော်များများလည်းတက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။ ဈာပနမှာမြင်ရတဲ့ လွင်မိုးကတော့ အလင်းတန်းမီဒီယာကို “သူနဲ့ကျွန်တော်နဲ့ကတော့အတွဲအများဆုံးပဲပေါ့ဗျာ၊တကယ်ရင်းရင်းနှီးနှီး ညီအစ်ကိုလိုလည်းနေခဲ့ကြတာကို။ အမှတ်တရတွေကတော့အများကြီးပေါ့ဗျာ။ လူတိုင်းကတော့ တစ်နေ့မဟုတ်တစ်နေ့ ဒီကိစ္စတွေကြုံကြရမှာပဲ။ ကျွန်တော်စိတ်မကောင်းပါဘူး”လို့ တုန်ခိုက်နေတဲ့အသံနဲ့ မျက်ရည်တွေတွေကျရင်းပြောကြားသွားပါတယ်။

ငှက်ပျောကြော်ကတော့ “ကျွန်တော်ပြောမထွက်ဘူးဗျာ။ ဆို့နင့်နေတယ်။ ခင်ဗျားသိပါတယ်။ ကျွန်တော်ရင်ထဲမှာဆို့နင့်နေတယ်။ ကျွန်တော် တော်ရုံတန်ရုံမျက်ရည်ကျတဲ့ကောင်မဟုတ်ဘူး။ ဒီကောင်နဲ့ပတ်သက်ရင်ဒီလိုတွေဖြစ်တယ်။ သေတဲ့လူကဒီလောက်မဟုတ်ဘူး။ သေသွားတော့ ဒီလိုတွေဖြစ်တယ်”လို့ ရှိုက်ကြီးတငင်ငိုကြွေးရင်း ရင်ဖွင့်ထားခဲ့တာကို စိတ်မကောင်းစွာမြင်ရပါတယ်။

ဦးကင်းကို ဈာပနပြုလုပ်ပြီး မီးင်္သဂြိုလ်လိုက်လို့ မီးခိုးခေါင်းတိုင်ကြီးရဲ့ထိပ်က တလူလူလွင့်တက်လာတဲ့ မီးခိုးတွေကို ဆွေးမြေ့ကြေကွဲစွာကြည့်ငေးနေခဲ့တဲ့ ဦးကင်း ဇနီးရဲ့ မျက်ဝန်းထဲက မျက်ရည်ကြည်တွေကလည်း မြင်ရသမျှပရိသတ်တွေရဲ့စိတ်နှလုံးကိုကိုင်လှုပ်သွားခဲ့ပြီး ယူကြုံးမရဖြစ်စေခဲ့တာအမှန်ပါပဲ။ မီးခိုးငွေ့တွေအဖြစ်ပြောင်းသွားတဲ့ ဦးကင်းကတော့ ယောက်ျားဖြစ်သူရဲ့ မီးခိုးငွေ့တွေကို မျှော်ငေးနေတဲ့  ဇနီးရဲ့မျက်ရည်စတွေကို မြင်နိုင်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် တစ်နိုင်ငံလုံးက ပရိသတ်တွေ၊ အနုပညာလောကသားတွေရဲ့ ရင်ထဲမှာ ဦးကင်းဟာ ခိုင်မာမြဲမြံစွာအမြစ်တွယ်ပြီးထာဝရရှင်သန်နေတော့မှာ သေချာပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

ကောင်းရာသုဂတိလားပါစေ ဦးကင်းရေ…။

Comments are closed.