ပြည်သူများကို လွယ်လွယ် ကတိမပေးရန် နိုင်ငံတော် အတိုင်ပင်ခံသတိပေး






[Unicode]

အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ပြည်သူလူထုကို လွယ်လွယ်ကူကူ ကတိမပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ တာချီလိတ်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် သတိပေးပြောဆိုသည်။

လုပ်ဆောင်ပေးမည်ဟု ကတိပေးပြီးမှ မလုပ်ပေးနိုင်လျှင် ပြည်သူလူထု၏ ယုံကြည်မှု ဆုံးရှုံးသွားလိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်တဲ့သူအားလုံးကို သတိပေးချင်ပါတယ်။ ပြည်သူလူထုကို ကတိကဝတ် လွယ်လွယ်ကူကူနဲ့ မပေးပါနဲ့။ ပေးတဲ့ကတိတည်ပါ” ဟု ယင်းအခမ်းအနား၌ ပြည်သူလူထုက မေးခွန်းမေးမြန်းမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များကို ဖြေကြားခိုင်းစဉ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

ပြည်သူလူထုက တင်ပြတောင်းဆိုသည့် ကိစ္စများတွင် လုပ်ဆောင်ပေးရန် မဖြစ်နိုင်သေးသည့် ကိစ္စဆိုလျှင် မည်သည့်အကြောင်းအရင်းကြောင့် မဖြစ်နိုင်သေးသည်ကို သေသေချာချာ ရှင်းပြခြင်းကသာ မှန်ကန်သည့် လမ်းစဉ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တာချီလိတ်နှင့် မိုင်းယောင်းမြို့တို့သို့ သွားရောက်ကာ လူထုနှင့် တွေ့ဆုံခဲ့သည်။ ၄င်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကချင်နှင့် ချင်းပြည်နယ်တို့သို့ သွားရောက်ခဲ့သေးသည်။






Comments are closed.