ခန္ဓာကိုယ်က အနံ့ဆိုးတွေကို သက်သာပျောက်ကင်းစေတဲ့ သဘာဝပစ္စည်း(၅)မျိုး

ခန္ဓာကိုယ်က အနံ့ဆိုးတွေကို သက်သာပျောက်ကင်းစေတဲ့ သဘာဝပစ္စည်း(၅)မျိုး

ရာသီဥတုပူလာတဲ့အခါမျိုးမှာ နည်းနည်းလေး လှုပ်လှုပ်ရှားရှား လုပ်လိုက်တာနဲ့ သူများထက်ပိုပြီး ချွေးထွက်တတ်တဲ့သူတွေက ခန္ဓာကိုယ် အနံ့ဆိုးတွေ ပိုထွက်တတ်ပါတယ်။ ခေါင်းလျှော်ပြီး မကြာဘူး ခေါင်းကချွေးတွေ အရမ်းထွက်လို့ အနံ့ဆိုးတွေထွက်နေတတ်တာမျိုး၊ ခန္ဓာကိုယ်က ချွေးနံ့ဆိုးတွေထွက်တာမျိုး၊ ခြေထောက်ကအနံ့ဆိုးတွေထွက်လွယ်တာမျိုးကို လုံးဝသက်သာစေတဲ့ သဘာဝပစ္စည်းလေးတွေကတော့ ဒီမှာပါ။

(၁) အုန်းဆီ

အုန်းဆီက ခန္ဓာကိုယ်မှာအနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေပေါက်ပွားမှုကို တားဆီးပေးတာကြောင့် အနံ့ဆိုးတွေဖြစ်နေတဲ့နေရာမှာ အုန်းဆီကို ပါးပါးလေးလိမ်းပေးပြီး မိနစ်အနည်းငယ်အကြာမှာ တစ်သျှူးလေးနဲ့သုတ်ပေးလိုက်ရုံနဲ့ အနံ့ဆိုးတွေသိသိသာသာသက်သာပါလိမ့်မယ်။

(၂) သံပရိုသီး

သံပရိုသီးကလည်း အုန်းဆီလိုပဲ အနံ့ဆိုးကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပြီး ထပ်မံပေါက်ပွားမှုမဖြစ်အောင် တားဆီးပေးပါတယ်။ မနက်ခင်းမှာ သံပရိုသီး အစိတ်လေးတွေစိမ်ထားတဲ့ရေကို သောက်ပေးမယ်ဆိုရင် ခံတွင်းနံ့ဆိုးတွေကို ပျောက်ကင်းစေပြီ၊ ချိုင်းနဲ့ခြေဖ၀ါးတွေကို ရေမချိုးခင်မှာ သံပရိုသီးနဲ့ပွတ်တိုက်ပေးမယ်ဆိုရင် ချိုင်းနံ့၊ ခြေထောက်အနံ့ဆိုးတွေ ကင်းဝေးစေပါတယ်။

(၃) တမာရွက်

တမာရွက်က အသားအရေပေါ်မှာ ဘက်တီးရီးယားနဲ့ မှိုပေါက်ဖွားမှုကို ဟန့်တားပေးနိုင်တာကြောင့် အနံ့ဆိုးထွက်တာကို ပျောက်အောင် တမာရွက်အမှုန့်ကိုသုံးနိုင်ပါတယ်။ တမာရွက်ကို အခြောက်ခံပြီး အမှုန့်ပြုလုပ်တာပဲဖြစ်ဖြစ်၊ တမာရွက်အမှုန့်ကိုဝယ်ပြီးပဲဖြစ်ဖြစ် ဒီနည်းလေးကိုလုပ်နိုင်ပါတယ်။ တမာရွက်အမှုန့်ကိုခွက်လေးထဲထည့်ပြီး ရေနည်းနည်းနဲ့ရောမွှေကာအနှစ်ဖြစ်အောင်လုပ်ပါ။ အဲ့ဒီအနှစ်ကို အနံ့ဆိုးထွက်တဲ့ချိုင်း၊ ခြေထောက်တို့မှာ လိမ်းပေးပြီး ခြောက်သွားရင် ရေဆေးပေးလိုက်ရုံပါပဲ။ ဒီနည်းကို တစ်ရက်ခြားတစ်ခါလောက်လုပ်ပေးရင် အနံ့ဆိုးတွေလုံးဝပျောက်သွားပါလိမ့်မယ်။

(၄) နံနံပင်

နံနံပင်က အနံ့ဆိုးဖြစ်စေတဲ့ဘက်တီးရီးယားတွေကို သေစေနိုင်ရုံမက ခန္ဓာကိုယ်အနံ့အသက်ကို ကောင်းမွန်စေပါတယ်။ အနံ့ဆိုးဖြစ်တဲ့နေရာကို နံနံပင်အရွက်လေးတွေကပ်ထားပေးတာမျိုးလုပ်ပေးရင် အနံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ်။

(၅) လက်ဖက်စိမ်း

လက်ဖက်စိမ်းက ချွေးထွက်နည်းအောင် တားပေးနိုင်တဲ့အစွမ်းထက် သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ချွေးထွက်များတဲ့သူတွေအနေနဲ့ တစ်နေ့ကို လက်ဖက်စိမ်းတစ်ခွက်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်က ချွေးထွက်တာ နည်းသွားပြီး အနံ့အသက်ဆိုးတွေလည်း အရင်ကထက်သက်သာလာပါလိမ့်မယ်။

MAY THAZINHTOO

Comments are closed.