ဆယ်ဖီပုံတစ်ပုံကြောင့် ထောင်ဒဏ်တစ်သက်ကျမယ့်ဘေးက လွတ်မြောက်ခဲ့တဲ့ ဖြစ်ရပ်

ဆယ်ဖီပုံတစ်ပုံကြောင့် ထောင်ဒဏ်တစ်သက်ကျမယ့်ဘေးက လွတ်မြောက်ခဲ့တဲ့ ဖြစ်ရပ်

ဓာတ်ပုံတစ်ပုံက ဇာတ်လမ်းပေါင်းများစွာကို ပြောနိုင်တယ် ဆိုကြပေမယ့် လူငယ်တစ်ယောက်အတွက်တော့ ဆယ်ဖီတစ်ပုံဟာ အသက်ထက်တောင် တန်ဖိုးရှိသွားခဲ့ပါတယ်။

၂၀၁၇ စက်တင်ဘာလတုန်းက အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ Cristopher Precopia (၂၁ နှစ်)ဟာ သူ့ကိုယ်သူ ဘာအပြစ်ကျူးလွန်ထားမှန်းတောင် သေချာမသိခဲ့ရဘဲ ရဲတွေ လာဖမ်းတာခံခဲ့ရပါတယ်။ တကယ်တော့ ဒါဟာ သူ့ရဲ့ ရည်းစားဟောင်း မိန်းကလေးရဲ့ လက်ချက်ဖြစ်နေခဲ့ပါတယ်။ အဆိုပါ အမည်မဖော်ပြထားတဲ့ သူ့ရဲ့ ရည်းစားဟောင်း ရဲတွေကို တိုင်ကြားခဲ့ပုံကတော့ Cristopher က သူမရဲ့ အိမ်ကို ဖောက်ဝင်ကာ သူမကို စော်ကားပြီး ရင်ဘတ်မှာ စာလုံး “X” ကို ဓားနဲ့ထွင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

Cristopher ကတော့ ၎င်းမိန်းကလေးကို သူ အထက်တန်းကျောင်းတုန်းက တွဲခဲ့တာဖြစ်ပြီး ဘယ်တုန်းက နောက်ဆုံး စကားပြောဖြစ်ခဲ့ကြလဲဆိုတာတောင် မမှတ်မိတော့ဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် Cristopher တစ်ယောက် အချုပ်ကျခဲ့ရပြီး ထောင်ဒဏ် တစ်သက်ပြစ်ဒဏ် ကျခံရမလိုပါ ဖြစ်ခဲ့ရပါတယ်။ Cristopher ရဲ့ မိဘတွေကတော့ သူတို့ရဲ့သား အပြစ်ကင်းကြောင်း သက်သေပြဖို့ စကြိုးစားခဲ့ကြပါတယ်။

Cristopher ရဲ့ မိခင် Erin Precopia ဟာ သူ့ရဲ့ သားက မိန်းကလေးကို တိုက်ခိုက်တယ်လို့ အစွပ်စွဲခံရတဲ့ အချိန် (စက်တင်ဘာ ၂၀ ည ၇ နာရီ ဝန်းကျင်)မှာ သူတို့သားအမိနှစ်ယောက်က အတူရှိနေခဲ့တယ်ဆိုတာကို တွေးမိခဲ့ပါတယ်။ မိန်းကလေးက သူ့ကို ည ၇:၂၀ မှာ တိုက်ခိုက်တယ်လို့ ထွက်ဆိုထားပေမယ့် Erin က ထိုည ၇:၀၂ တုန်းက သူ့သားနဲ့အတူ ရိုက်ထားတဲ့ ဆယ်ဖီ သက်သေရှိနေခဲ့ပါတယ်။ ထိုဆယ်ဖီကို သားအမိနှစ်ယောက်က Renaissance Austin ဟိုတယ်မှာ ရိုက်ထားခဲ့ကြတာဖြစ်ပြီး ဟိုတယ်က အခင်းဖြစ်ပွားရာနဲ့ မိုင် ၇၀ ကျော် ဝေးပါတယ်။

Cristopher ရဲ့ ရှေ့နေ Rick Flores ကတော့ သူ့အမှုသည်က ဒီလို ခိုင်လုံတဲ့ အလီဘိုင် ရှိနေခဲ့လို့ ကံကောင်းသွားရတာ ဖြစ်တယ်လို့ Washington Post သတင်းကို ပြောခဲ့ပါတယ်။ “Erin က သူ့သားအတွက် အလီဘိုင် လုပ်ပေးနိုင်မယ့် သက်သေကို နေ့ရက်၊ အချိန်တိကျစွာ ထုတ်ပြနိုင်ခဲ့တာပါ။ Cristopher တစ်ယောက် ဘယ်လောက်တောင် ကံကောင်းလိုက်သလဲလို့ ကျွန်တော်တို့ တော်တော်ပြောဖြစ်ကြပါတယ်။”

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref: USA Today, Fox News

Comments are closed.